Vitamin E
ဗီတာမင် အီး (Vitamin E) နှင့် ကျန်းမာရေး
ဗီတာမင်အီးသည် အဆီမှာပျော်ဝင်တဲ့ဗီတာမင်ဖြစ်ပြီး အစားအသောက်တော်တော်များများမှာ တွေ့ရပါတယ်။ ဗီတာမင်အီးကို တိုကိုဖရော (Tocopherol) လို့လည်းခေါ်ပါသေးတယ်။ သဘာဝအားဖြင့် ဗီတာမင်အီး သည် ဓာတုဖွဲ့စည်းမှုအရ ပုံစံ (၈) မျိုးဖြင့်တည်ရှိနေပါတယ်။ သို့ပေမယ့် လူတွေအတွက် အသုံးအဝင်ဆုံး ဗီတာမင်အီးပုံစံကတော့ Alpha Tocopherol (အယ်ဖာ တိုကိုဖရော) ပဲဖြစ်ပါတယ်။ ဗီတာမင်အီးက ဓာတ်တိုးဆန့်ကျင်ပစ္စည်းအနေဖြင့် ဆဲလ်များကိုအိုမင်းရင့်ရော်ခြင်း နဲ့ ပျက်စီးခြင်းများမဖြစ်အောင် ကူညီပေးပါတယ်။
ဗီတာမင်အီးသည် ခန္ဓာကိုယ်ထဲကို ဘက်တီးရီးယားပိုးမွှားများ၊ ဗိုင်းရပ်စ်ပိုးများအလွယ်တကူ ဝင်ရောက်မလာအောင် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။ သွေးကြောများကို ကျယ်စေပြီး သွေးခဲခြင်းကို တားဆီးပေးပါတယ်။ ဒါ့အပြင် ဗီတာမင်အီးဟာ အခြားသောအရေးကြီးတဲ့ လုပ်ငန်းဆောင်တာများကိုလည်း လုပ်ဆောင်ပေးနေပါတယ်။
အသက်အရွယ်အလိုက် ဗီတာမင်အီး တနေ့တာအတွက် လိုအပ်ချက်များမှာ-
- မွေးစမှ - ၆ လအထိ = ၄ မီလီဂရမ်
- ၇ လမှ - ၁၂ လအထိ = ၅ မီလီဂရမ်
- ၁ နှစ်မှ - ၃ နှစ်အထိ = ၆ မီလီဂရမ်
- ၄ နှစ်မှ - ၈ နှစ်အထိ = ၇ မီလီဂရမ်
- ၉ နှစ်မှ - ၁၃ နှစ်အထိ = ၁၁ မီလီဂရမ်
- ၁၄ နှစ်မှ - ၁၈ နှစ်အထိ = ၁၅ မီလီဂရမ်
- ၁၉ နှစ်မှ စ၍ = ၁၅ မီလီဂရမ်
- ကိုယ်ဝန်ဆောင်မိခင် = ၁၅ မီလီဂရမ်
- နို့တိုက်မိခင် = ၁၉ မီလီဂရမ် တို့ ဖြစ်ကြပါတယ်။
ဗီတာမင်အီးကို အစားအသောက် တော်တော်များများမှာ ရနိုင်တာကြောင့် ကျန်းမာတဲ့သူတွေမှာ ဗီတာမင်အီး ချို့တဲ့ခြင်းမှာ ရှားပါးပါတယ်။ ဆီမှာပျော်တဲ့ ဗီတာမင်ဖြစ်တဲ့အတွက် အဆီကိုစုပ်ယူခြင်း ချေဖျက်ခြင်းများနှင့် ပတ်သက်၍ ရောဂါရှိသူများမှာ ချို့တဲ့တတ်ပါတယ်။
ဗီတာမင်အီး ချို့တဲ့ပါက အာရုံကြောများနှင့် ကြွက်သားများကို ထိခိုက်တာကြောင့် ခြေလက်များထုံကျဥ်ခြင်း၊ ကိုယ်လက်ညောင်းခြင်း၊ ကြွက်သားများအားနည်းခြင်း၊ အမြင်အာရုံ အားနည်းခြင်း၊ ကိုယ်ခံအားနည်းခြင်း၊ အရိုးအဆစ်ရောင်ရမ်းခြင်း၊ အသားအရေကို ခြောက်သွေ့စေခြင်း စသည်တို့ ခံစားရတတ်ပါတယ်။
ဗီတာမင်အီး ကြွယ်ဝသော အစားအစာများ
ဗီတာမင်အီး လုံလောက်စွာရနေစေဖို့ နေကြာစေ့၊ မြေပဲ၊ ဗာဒံစေ့၊ အခွံမာသီး အဆံများ၊ အစိမ်းရင့်ရောင် အသီးအရွက်များ (ဟင်းနနွယ်ရွက်၊ ဘရိုကိုလီ)၊ ပေါင်မုန့်၊ ကွေကာအုပ်၊ ပဲအမျိုးမျိုး၊ သံလွင်ဆီ၊ နေကြာဆီ၊ နှမ်းဆီ၊ ဟင်းရွက်အဆီ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ဂျုံ တို့မှာ ကြွယ်ဝစွာပါဝင်ပါတယ်။
ဗီတာမင်အီးရဲ့ အကျိုးကျေးဇူးများကတော့-
- နေရောင်ခြည်ကြောင့် ပျက်စီးသွားတဲ့ အသားအရေများကို ပြန်လည်ကောင်းမွန်စေပါတယ်။ အသားအရေစိုပြေတင်းရင်းစေပြီး အရေပြားခြောက်သွေ့ခြင်းကို ကာကွယ်ကာ အစိုဓာတ်ကို ထိန်းပေးပါတယ်။
- အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ အသားအရေတွန့်ခြင်း ကိုကာကွယ်ပေးပါတယ်။
- ဝက်ခြံ၊ အမာရွတ်၊ အမဲစက်တွေ သက်သာလျော့ပါးစေပါတယ်။
- ခြေသည်းလက်သည်း နဲ့ ဆံသား ကျန်းမာရေးကောင်းမွန်စေပါတယ်။
- အမြင်အာရုံကိုကောင်းစေပြီး အသက်အရွယ်ကြီးသောအခါတွင် ဖြစ်တတ်သော ရေတိမ်စွဲခြင်း၊ အတွင်းတိမ်ဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးသည်။
- အယ်လ်ဇိုင်းမားရောဂါဟုခေါ်သော အသက်အရွယ်ကြီးသူများမှာခံစားရတဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်း ဝေဒနာကို သက်သာစေပါတယ်။
- ကိုယ်ခံအားစနစ်ကို မြင့်မားလာစေပါတယ်။
- အမျိုးသမီးများတွင် ဓမ္မတာမလာမီ နှင့် ဓမ္မတာလာချိန်များတွင် ခံစားရသော ဝေဒနာများကို သက်သာစေပါတယ်။
- မျိုးဆက်ပွားကျန်းမာရေးတို့တွင် အထောက်အကူပြုပါတယ်။
- သွေးနီဥများထုတ်လုပ်ခြင်းကို ပိုမိုကောင်းမွန်စေပါတယ်။
- သွေးခဲခြင်းကို တားဆီးပေးပါတယ်။
- သွေးလည်ပတ်မှု အားကောင်းစေပါတယ်။ အနာကျက်မှုကို မြန်စေပါတယ်။
- ကိုလက်စထရောကိုကျစေပြီး နှလုံးရောဂါ နှင့် ကင်ဆာရောဂါများဖြစ်ပွားမှုနှုန်းကို လျော့ချပေး ပါတယ်။
ဗီတာမင်အီး အားဖြည့်ဆေး
- ဗီတာမင်အီးကို ကျန်းမာရေးအတွက်သာမက အလှအပ ပစ္စည်းများတွင်လည်း ဗီတာမင်အီးကိုများပြားစွာ အသုံးပြုလာကြပါတယ်။ ဗီတာမင်အီးကိုနေ့စဥ် စားနေတဲ့အစားအသောက်တွေမှရနိုင်သလို ဖြည့်စွက် အားဆေးများ သောက်သုံးခြင်းဖြင့်လည်း ရနိုင်တယ်။ အမျိုးသား အမျိုးသမီးမရွေး သောက်သုံးနိုင်ပါတယ်။
- ဗီတာမင်အီးဖြည့်စွက်အားဆေး သောက်မယ်ဆိုရင်တော့ အဆီပါတဲ့အစားအသောက်နဲ့ တွဲသောက်ရင် ခန္ဓာကိုယ်ကစုပ်ယူ မှုအားပိုကောင်းပါတယ်။
- ဗီတာမင်အီးကို ရေရှည်သောက်သုံးပါက သွေးကျဲစေတဲ့အာနိသင်ရှိပါတယ်။ အခြားသွေးကြဲစေတဲ့ ဆေးများနှင့် တွဲဖက်ပြီး မသုံးသင့်ပါဘူး။ သွေးကျဲဆေးသောက်နေသူများအနေဖြင့် ဗီတာမင် အီး ဖြည့်စွက်သောက်သုံးမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုပါတယ်။
- ဗီတာမင်အီးသောက်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတချို့ကတော့ ပျို့ခြင်း ၊ နုံးချိပင်ပန်းသလိုခံစားရခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ဝမ်းလျောခြင်း ၊ သွေးထွက်လွယ်ခြင်း တို့ကို ရံဖန်ရံခါ ခံစားရတတ်ပါတယ်။
- တန်ဆေး လွန်ဘေးဆိုသလို လိုအပ်တာထက် ပိုသောက်ရင် ဘေးထွက်ဆိုးကျိုးရနိုင်ပါတယ်။ တစ်နေ့တာ အတွက် ဗီတာမင်အီး 400 IU ထက်ပိုမသောက်သုံးသင့်ပါဘူး။