Collagen အကြောင်း တစေ့တစောင်း
အခု ပြောပြမှာလေးက နောက်ပိုင်းမှာ လူကြီးကော လူငယ်တွေပါ အများအပြား စိတ်ဝင်စားလာတဲ့ collagen ဆိုတဲ့ ဝေါဟာရ လေးပဲ ဖြစ်ပါတယ်။ ခုလိုအချိန်ကာလမှာ အိမ်မှာနေရင်းနဲ့ အသားအရေကောင်းမွန်အောင် အိမ်မှာရှိတဲ့ ဘယ်အစားအသောက်တွေကနေ Collagen ရနိုင်သလဲဆိုတာကိုပါ ထည့်ရေးပေးထားပါတယ်။ များသောအားဖြင့် collagen ကို အသားအရေထိမ်းသိမ်းဖို့ အသားအရေတင်းရင်းနုပျိုဖို့၊ အသားဖြူဖို့၊ ဆံပင် နဲ့ လက်သည်းများသန်မာလှပဖို့ စတဲ့ အလှအပအတွက် သုံးကြတယ်လို့ အသိများကြပါတယ်။ တကယ်တမ်းတော့ ခန္ဓာကိုယ်မှာရှိတဲ့ ပရိုတင်းဓာတ်တွေရဲ့ 30% ကို collagen နဲ့ ဖွဲ့စည်းထားတဲ့အတွက် collagen ဟာ ခန္ဓာကိုယ်အတွက် အလွန့်အလွန် အရေးကြီးတဲ့ ပရိုတင်းဓာတ်ဖြစ်ပြီး၊ ခန္ဓာကိုယ်အတွင်းမှာ သဘာဝအားဖြင့် ထုတ်လုပ်ပေးပါတယ်။
Collagen က ဘာတွေလုပ်ပေးလဲ?
Collagen ဟာ ကျန်းမာလှပတဲ့အသားအရေ ရရှိဖို့သာမက အရိုးအဆစ်ရောင်ရမ်းတာတွေလျော့နည်းစေပြီး၊ အရိုးပွခြင်းကို ကာကွယ်ပေးနိုင်တဲ့အပြင် ဆံသားနဲ့ ခြေသည်းလက်သည်းတွေကို အားဖြည့်ပေးခြင်း အတွက်လည်း collagen က မရှိမဖြစ် အရေးကြီးလှပါတယ်။
Collagen လျော့နည်းလာရင်?
ခန္ဓာကိုယ်တွင်း collagen လျော့နည်းလာပြီဆိုတာကို သိသာစေတဲ့ အချက်တွေကတော့ မျက်နှာမှာ အရေးအကြောင်းများပေါ်လာခြင်း၊ အသားအရေ တင်းတင်းရင်းရင်း မရှိတော့ပဲ ပျော့တွဲလာခြင်း ၊ အရိုးအဆစ် နဲ့ ကြွက်သားတွေ အားနည်းလာခြင်း နာကျင်ခြင်းတွေ ဖြစ်တတ်ပါတယ်။
အစာစားရင်း Collagen ဖြည့်မယ်….
အိမ်မှာနေရင်း အစားစားရင်းလှနေစေဖို့ collagen ရအောင် ဘယ်လိုအစားအသောက်လေးတွေ စားရမလဲဆိုကို ပြောပြပေးပါမယ်နော်… (၁) ရက် (၁) မျိုးစားရင်း collagen ဖြည့်တင်းရအောင်နော်…
Vitamin C (ဗီတာမင် စီ)
ကြွယ်ဝတဲ့အစားအစာများcollagen ဖြစ်ပေါ်လာဖို့ ဗီတာမင် စီ လိုအပ်ပါတယ်။ ဒါကြောင့် ဗီတာမင် စီ လုံလုံလောက်လောက်ရှိတဲ့အခါ အရေပြားတွေ ကျန်းမာလာပြီး အရိုးအဆစ်တွေကို သန်မာစေမှာ ဖြစ်ပါတယ်။ဗီတာမင် စီ ကို အစိမ်းရောင်ဟင်းသီးဟင်းရွက် တချို့ နဲ့ ချဉ်တဲ့အသီးအနှံတွေကနေ ရနိုင်ပါတယ်။ ဂရိတ်ဖရုသီး၊ သံပရာသီး၊ ရှောက်ချိုသီး၊ လိမ္မော်သီး၊ ကီဝီသီး၊ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ ပန်းငရုတ်ပွတို့မှာဗီတာမင် စီ ကြွယ်ဝစွာ ပါဝင်ပါတယ်။
Bone broth (အရိုးစွပ်ပြုတ်ရည်)
လူသိများတဲ့ နောက်ထပ် collagen အရင်းအမြစ်ကတော့ အရိုးတွေနဲ့ ပြုတ်ထားတဲ့ စွပ်ပြုတ်အရည်ပဲဖြစ်ပါတယ်။ စွပ်ပြုတ်အရည်ကို အမဲရိုး ၊ ကြက်ရိုး နဲ့ အခြား တိရိစ္ဆာန် အရိုးများကို အသုံးပြုပြီး အရိုးထဲက အာဟာရဓာတ်တွေ ထွက်လာအောင် မီးဖိုပေါ်မှာ ကြာကြာတည်ထားပြီး ပြုလုပ်နိုင်ပါတယ်နော်။ စွပ်ပြုတ်ရည်ထဲကို မိမိ ကြိုက်နှစ်သက်ရာ အသီးအနှံတွေထည့်ပြီးလည်း စားသောက်နိုင်ပါတယ်။ ကျန်းမာ လှပပြီး အာဟာရလဲဖြစ်တဲ့ စွပ်ပြုတ်ရည်ကို စားပေးဖို့ မမေ့နဲ့နော်။
Fish (with the skin!)
ငါးများမှာလဲ collagen ပါဝင်မှုမြင့်မားသလို ငါးကရတဲ့ collagen ဟာ ခန္ဓာကိုယ်မှာ စုပ်ယူမှုအား အကောင်းဆုံးလဲ ဖြစ်ပါတယ်။ တချက်ဂရုပြုရမှာက collagen ဟာ ငါးအသားထက်စာရင် ငါးခေါင်း နဲ့ ငါးအရိုး တို့မှာ ပိုကြွယ်ဝပါတယ်။ ဒါ့ကြောင့် ငါးခေါင်းစွပ်ပြုတ် နဲ့ ငါးကို အရိုးပါနူးအောင်ပေါင်းပြီးတော့လည်း စားပေးနိုင်ပါတယ်။
Egg (ကြက်ဥ)
ကြက်ဥအနှစ် ဟာ ဆံသားတွေကို တောက်ပအောင် ပြုလုပ်ရာမှာ အကူညီပေးနိုင်သလို ကြက်ဥအကာသည်လဲ collagen ထုတ်လုပ်ရာမှာ အရေးပါလှတဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်တဲ့ Proline လို့ခေါ်တဲ့ ဓာတ်တစ်မျိုးလဲ အလွန် များပြားစွာ ပါဝင်ပါတယ်။ ကဲ .. ကြက်ဥက ချက်လို့လဲလွယ်တယ်ဆိုတော့ ထည့်စားရတော့မှာနော်။
Beans (ပဲအမျိုးမျိုး)
ပဲအမျိုးမျိုးမှာဆိုရင် အသားဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ အသားဓာတ်ဟာ collagen ထုတ်လုပ်ပေးရာမှာ များစွာ လိုအပ်ပါတယ်။
Garlic (ကြက်သွန်ဖြူ)
ကြက်သွန်ဖြူကို ဟင်းချက်ရာမှာ အသုံးပြုလေ့ရှိကြပါတယ်။ ၎င်းကလည်း ခန္ဓာကိုယ်တွင်း collagen ထုတ်လုပ်ခြင်းကို အားပေးပါတယ်။ ကြက်သွန်ဖြူမှာ ဆာလဖာဓာတ်များစွာ ပါဝင်တာမိုလို့ collagen များ လျင်လျင်မြန်မြန် မပျက်စီး မပြိုကွဲသွားအောင် ပြုလုပ်ရာမှာ ကူညီပေးပါတယ်။ ဟင်းလျာတိုင်းကို ကြက်သွန်ဖြူထည့်ဖို့ မမေ့နဲ့နော်။
Cashews (သီဟိုရ်စေ့) နဲ့ Pumpkin seeds (ဖရုံစေ့)
နေ့ခင်း နေ့လည် အစာပြေစားတဲ့ အစားအသောက်လေးကနေလဲ collagen ရနိုင်ပါတယ်နော်။ သီဟိုရ်စေ့ မှာဆိုရင် ဇင့်ဓာတ်နဲ့ ကော့ပါးဓာတ်တို့ ပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲမှာ collagen များများထုတ်ဖို့ အထောက်အကူဖြစ်ပါတယ်။ ဖရုံစေ့တွေမှာလည်း ဇင့်ဓာတ်ကြွယ်ဝတဲ့အတွက် collagen ထုတ်လုပ်မှုကို အားပေးပါတယ်။
Oysters (ကမာ)
ကမာကောင်လေးတွေမှာဆိုရင်လဲ ကော့ပါးဓာတ် တွေ များပြားစွာ ပါဝင်တာကြောင့် collagen ထုတ်ပေးဖို့ ကူညီပေးပါတယ်နော်။ ကဲ collagen တွေများများပါတဲ့ အစားအသောက်လေးတွေစားရင်း ကျန်းမာလှပခြင်းတွေ ပိုင်ဆိုင်နိုင်ပါကြောင်း ဖော်ပြလိုက်ရပါတယ်….