Vitamin D

ဗီတာမင်ဒီနှင့်ကျန်းမာရေး

ဗီတာမင်ဒီ ဟာခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တစ်ခုဖြစ်ပါတယ်။ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင် (Fat soluble vitamins) အမျိုးအစားဖြစ်ပြီး လူ့ရဲ့ အဆီဆဲလ်တွေမှာ သိုလှောင်ထားပါတယ်။ ဗီတာမင် ဒီ က အရိုးအဆစ်၊ ကြွက်သား နှင့် သွားများ ကြီးထွား သန်မာလာစေဖို့အတွက် အလွန်ကို အရေးပါတဲ့ ဗီတာမင်ဓါတ် ဖြစ်တဲ့အပြင် ကိုယ်ခံစွမ်းအားကိုလည်းကောင်းစေပါတယ်။ ဗီတာမင် ဒီ ဟာ အူလမ်းကြောင်းမှ ကယ်လဆီယမ်ဓါတ် စုပ်ယူနိုင်အောင် လုပ်ဆောင်ပေးပြီး အရိုးများ ဖွဲ့စည်းခြင်းနဲ့ အသစ်လဲလှယ်ခြင်းကို အထောက်အကူပြုပါတယ်။ ဒါ့ပြင် အရိုးနဲ့ သွားအတွက် လိုအပ်တဲ့ ကယ်လဆီယမ် နဲ့ ဖော့စဖောရပ်ဓာတ်တွေကို သွေးထဲမှာ ပုံမှန် ပမာဏ ရှိနေအောင် ထိန်းညှိချိန်ဆပေးပါတယ်။

ဗီတာမင် ဒီ ကိုဘယ်လိုရရှိနိုင်လဲ

ဗီတာမင်ဒီကို နေရောင်ခြည် နဲ့ အစားအသောက်တွေကနေ ရပါတယ်။ လုံလောက်သော ဗီတာမင်ဒီရရှိဖို့အတွက် နေရောင်ခြည်နဲ့ ပုံမှန် ထိတွေ့ပေးဖို့ လိုအပ်ပါတယ်။ လူ့အရေပြားဟာ နေရောင်ခြည်ကရတဲ့ UVB ကို စုပ်ယူတဲ့အခါ ဗီတာမင်ဒီထွက်ပေါ်လာပြီး ခန္ဓာကိုယ်အတွက်  လိုအပ်တဲ့နေရာတွေကို ဖြည့်ဆည်းပေးပါတယ်။ မနက်ပိုင်း ထွက်တဲ့ နေရောင်ခြည်ကို တနေ့လျှင် (၁၀) မိနစ် မှ (၁၅) မိနစ် ရရှိရုံဖြင့် ခန္ဓာကိုယ်မှ လိုအပ်သော ဗီတာမင်ဒီကို ရနိုင်ပါတယ်။ အပြင်သိပ်မထွက်ဘဲ နေမထိသောသူများ၊ အသားမည်း အသားညိုတဲ့သူတွေဟာ အသားဖြူတဲ့ သူတွေထက် ဗီတာမင်ဒီကို ပိုလိုအပ်တယ်လို့ သုတေတီတွေက ဆိုကြပါတယ်။ ထို့ပြင်အစားအသောက်တွေကလဲ ရနိုင်ပါတယ် အဆီများသောငါးများဖြစ်ကြတဲ့ ဆာဒင်းငါး၊ ငါးသေတ္တာငါး၊ တူနာငါး ၊ ဆယ်လမွန်ငါး ၊ ဥအမျိုးမျိုး၊ နှံစားပင် အစေ့ (Cereals)၊ အမဲ အသည်း၊ ခရု၊ ပုဇွန်၊ နွားနို့၊ ထောပတ်၊ ချိစ့်၊ ကြက်ဥအနှစ်၊ မှို၊ မုန်လာဥနီ၊ ကန်စွန်းဥ၊ ထောပတ်သီး၊ ဒိန်ချဉ် တို့မှာ များစွာ ပါဝင်ပါတယ်။

နေ့စဉ် ဗီတာမင် ဒီ လိုအပ်ချက်များမှာ-

မွေးစမှ - ၁၂ လအထိ : 400 IU

အသက် ၁ - ၁၃ နှစ် : 600 IU

အသက် ၁၄ - ၁၈ နှစ် : 600 IU

အသက် ၁၉ - ၇၀ နှစ် : 600 IU 

အသက် ၇၁ နှင့် အထက် : 800 IU

ကိုယ်ဝန်ဆောင် မိခင် : 600 IU 

နို့တိုက် မိခင် : 600 IU တို့ လိုအပ်ပါတယ်

ဗီတာမင် ဒီ ရဲ့ ကောင်းကျိုးများ

  • အရိုး နဲ့သွားများ ကျန်းမာကြံ့ခိုင်စေခြင်း
  • ကိုယ်ခံစွမ်းအားတက်စေခြင်း
  • ကင်ဆာရောဂါကို ကာကွယ်ပေးခြင်း
  • အော်တဇင် ရောဂါလက္ခဏာများကို သက်သာစေခြင်း (လေ့လာနေဆဲ)

ဗီတာမင် ဒီ ချို့တဲ့ခြင်း

နေရာင်ခြည်ကောင်းစွာမရသော ဝင်ရိုးစွန်းဒေသများတွင် နေသူများ၊ အဝလွန်သူများ၊ အသားညိုသူများ၊ ဘာသာရေးနဲ့ ကျန်းမာရေးတို့ကြောင့် နေရောင်ခြည် မခံနိုင်သူများ၊  အူလမ်းကြောင်းမှ ဗီတာမင် ဒီ စုပ်ယူမှု အားနည်းသူများဟာ ဗီတာမင် ဒီ ချို့တဲ့နိုင်ပါတယ်။

ပြင်ပသို့မထွက်ပဲ အခန်းတွင်းမှာပဲ နေထိုင်မှုများလာခြင်းကြောင့် ဗီတာမင် ဒီ ချို့တဲ့ပြီး အရိုး နဲ့ ကြွက်သားကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

လူကြီးများတွင် ဗီတာမင်ဒီချို့တဲ့ပါက အရိုးပါးလာပြီး လွယ်လွယ်ကျိုးနိုင်ခြင်း၊ နှလုံးရောဂါရနိုင်ခြင်း၊ ကြွက်သားများ နာကျင်ခြင်းတို့ဖြစ်တတ်ပါတယ်။

မကြာခဏ ဖျားလွယ်ခြင်း၊ လန်းဆန်းမှု မရှိခြင်း၊ ဆံပင်ကျွတ်ခြင်း၊ စိတ်ဓာတ်ကျခြင်းများ စသော ရောဂါများကိုလဲ ဖြစ်ပေါ်စေတတ်ပြီး ကလေးများတွင် အရိုးပျော့ရောဂါ (rickets) နဲ့ ခြေခွင်ခြင်းများ ဖြစ်ပေါ်တတ်ပါတယ်။

ဗီတာမင် ဒီ လွန်ကဲခြင်း

ဗီတာမင် ဓာတ်များဟာ ချို့တဲ့လျှင်လဲ ရောဂါရနိုင်သလို ပိုလျှံလျှင်လဲ မကောင်းသောဆိုးကျိုးများကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်သလောက်သာ သောက်သုံးရန်မှာ အရေးကြီးလှပါတယ်။

ဗီတာမင်ဒီ လိုအပ်သည်ထက် ခန္ဓာကိုယ်ထဲတွင် များလာပါက ပျို့အန်ခြင်းများ၊ မူးဝေခြင်း ၊ အားနည်းခြင်း၊ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ အူရောင်ခြင်း၊ မု့န်ချိုအိတ်ရောင်ခြင်း တို့ ဖြစ်ပေါ်လာနိုင်ပြီး ပိုမိုဆိုးဝါးလာပါက ကျောက်ကပ်ကို ထိခိုက်ခြင်း၊ အသည်း မှာ ရောဂါဖြစ်ခြင်း၊ နှလုံးခုန်နှုန်းပုံမှန်ဖြစ်ခြင်း၊ သွေးတွင်း ကယ်လဆီယမ်ဓာတ် များလာခြင်းကြောင့် မျက်ကြည်လွှာတွင် ကယ်လဆီယမ်များစုပုံခဲလာခြင်း၊ အကြားအာရုံချို့တဲ့လာခြင်း၊ အရိုးဆစ်များရောင်ရမ်းခြင်း စသော ဆိုးကျိုးများကို ဖြစ်ပေါ်စေတတ် သောကြောင့် ချင့်ချိန်၍ သောက်သုံးကြပါရန် အကြုံပြုလိုက်ပါတယ်။

ဗီတာမင်ဒီကို ဖြည့်စွက်စာအနေနဲ့ သောက်သုံးတဲ့အခါ အသက် (၉) နှစ်အထက်ကလေးများ၊ လူကြီးများ၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင် တို့အနေဲ့ တနေ့ကို ဗီတာမင်ဒီ 4000 IU အထိပဲသောက်သင့်တယ်လို့ US Department of Health and Human Service က ဖော်ပြထားပါတယ်။ 

Related Blogs

American Ginseng

Iron

Selenium

Vitamin A

Vitamin B12

Biotin

Vitamin E

Glutathione

Vitamin C

Folic Acid

Zinc

Magnesium

Copper

Calcium

Vitamin K

Collagen

Ginseng

Astaxanthin