Ginseng

ဂျင်ဆင်း ဆိုတာဘာလဲ?

ယခုအခါမှာ ဂျင်ဆင်းကို စျေးကွက်မှာ တော်တော်လေး အသုံးများလာတာ တွေ့ရပါတယ်။ ဂျင်ဆင်းကို ဖြည့်စွက်အားဆေးများ၊ အလှကုန်ပစ္စည်းများ၊ အားဖြည့်အချိုရည်များမှာ စသဖြင့် အများအပြား တွေ့လာရပါတယ်။ ဒါကြောင့် ဂျင်ဆင်း အကြောင်းလေးကို ပြောပြချင်ပါတယ်။ 

ဂျင်ဆင်းဆိုတာ တရုတ်စကားကနေဆင်းသက်လာတာဖြစ်ပြီး အဓိပ္ပါယ်ကတော့ လူနဲ့ပုံသဏ္ဌာန်တူတဲ့အမြစ်လို့ ဆိုလိုပါတယ်။ ဂျင်ဆင်းအမျိုးအစားပေါင်း များစွာရှိသော်လည်း လူသိများသော ဂျင်ဆင်းများမှာ ကိုရီးယားဂျင်ဆင်း သို့ အာရှဂျင်ဆင်း (Panax Ginseng) နဲ့ အမေရိကန်ဂျင်ဆင်း (American Ginseng) ဆိုပြီး ၂ မျိုး ခွဲခြားနိုင်ပါတယ်။ ဂျင်ဆင်းတွင် အဓိကပါဝင်ပစ္စည်းမှာ ginsenosides နှင့် gintonin ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ သူတို့တွေဟာ အမျိုးအစားမတူသလို အကျိုးအာနိသင်ကလဲ မတူပါဘူးတဲ့။ အားဆေးအများအပြားမှာ တွေ့ရတဲ့ ဂျင်ဆင်းတွေကတော့ Panax Ginseng အမျိုးအစားပဲဖြစ်ပါတယ်။ ဒါကြောင့် ၄င်းဂျင်ဆင်းအကြောင်းကို ပြောပြသွားမှာပါပဲ ဖြစ်ပါတယ်။

ဂျင်ဆင်းဆိုတာ Paxus အပင်ရဲ့ အမြစ်ပဲဖြစ်ပါတယ်။ Panax သည် ရုက္ခဗေဒအမည် (botanical name) ဖြစ်ပါတယ်။ Paxus ဆိုတာ ဂရိဘာသာစကား “Panakeia” ကနေလာပြီး “all healing” “ရောဂါအားလုံး ပျောက်ကင်းခြင်း” လို့အဓိပ္ပါယ်ရပါတယ်။

ဂျင်ဆင်းကို လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀၀၀) လောက်ကတည်းက စပြီး တရုတ်လူမျိုးတွေက အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ ယခင်က တရုတ်ရိုးရာဆေးအဖြစ် ပင်ပန်းမှုကို ပြေပျောက်စေပြီး လန်းဆန်းစေဖို့ ဂျင်ဆင်းတွေကို အခြောက်လှမ်းပြီး သုံးစွဲခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဂျင်ဆင်းကို သုတေသနတွေလုပ်ရင်း သူ့ရဲ့အကျိုးပြုပုံအာနိသင်တွေကို ပိုပြီး သိရှိလာပြီးတဲ့နောက်မှာတော့ ဂျင်ဆင်း စျေးကွက်ဟာ ကမ္ဘာတစ်ဝှမ်းမှာ ပိုမိုကျယ်ပြန်လာခဲ့ပါတယ်။

ဂျင်ဆင်းကို ရေရှည်ထားပြီးမှ သုံးစွဲလေ့ရှိတဲ့ ပုံသဏ္ဌာန် ၂ မျိုးရှိပါတယ်။ ဂျင်ဆင်းသက်တမ်းနှင့် ထုတ်လုပ်မှုနည်းစဉ် ပေါ်မူတည်ပြီး ဂျင်ဆင်းဖြူ နှင့် ဂျင်ဆင်းနီ ဟုခွဲခြားထားပါတယ်။ ဂျင်ဆင်းဖြူကို စိုက်ပျိူးပြီး (၄) နှစ်မှ (၆) နှစ်အကြာတွင် စတင်အသုံးပြုကြပြီး၊ ဂျင်ဆင်းနီကိုတော့ စိုက်ပျိုးပြီး (၆) နှစ်နောက်ပိုင်းမှ စတင်အသုံးပြုလို့ပါတယ်။ ဂျင်ဆင်းသည် သက်တမ်းပိုရင့်လေ ပါဝင်ပစ္စည်း ginsenosides ပါများလေ ဖြစ်ပြီး အာနိသင်ပိုကောင်းသလို စျေးလဲပိုကြီးပါတယ်။

ဂျင်ဆင်းဟာသဘာဝအားဖြင့် တောင်ပေါ်ဒေသတွေမှာ ပေါက်ရောက်ပါတယ်။ နောက်ပိုင်းမှာ စျေးကွက်လိုအပ် ချက်အရ အများအပြား စိုက်ပျိုး ထုတ်လုပ်လာကြပါတယ်။

ဂျင်ဆင်းရဲ့ ဂုဏ်သတ္တိတွေကတော့-

  • ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိ နှင့် အရောင်ကျစေသော အစွမ်းရှိခြင်း
  • အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးခြင်း
  • မှတ်ဉာဏ်နှင့် ဦးနှောက်၏ လုပ်ငန်းဆောင်တာများကို ပိုပြီး တိုးတက်စေခြင်း
  • စိတ်ဖိစီးမှု နှင့် စိတ်ကျဝေဒနာကို သက်သာစေခြင်း
  • အမျိုးသားများ စွမ်းဆောင်ရည် တက်စေခြင်း
  • ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို မြှင့်တင်ပေးခြင်း
  • နှလုံးရောဂါ နှင့် ကင်ဆာဖြစ်နိုင်ချေကို လျော့ချပေးခြင်း
  • ပင်ပန်းနွမ်းနယ်မှုကို လျော့ချပေးပြီး တက်ကြွလန်းဆန်းစေခြင်း
  • သွေးထဲတွင်ရှိသော သကြားဓာတ်ကို ကျစေခြင်း
  • အမျိုးသမီးများ ဓမ္မတာမလာမှီ နာကျင်မှုကို လျော့ကျစေပါခြင်းတို့ဖြစ်ပါတယ်။

တစ်နေ့တာအတွက် ဂျင်ဆင်းကို 200 mg မှ 400 mg ထိ သောက်သုံးနိုင်ပါတယ် ။ 

တန်ဆေး လွန်ဘေး ဆိုသလို ဂျင်ဆင်းကို ပမာဏအများကြီးသော်လည်းကောင်း၊ ရေရှည်သုံးစွဲလျှင်လည်းကောင်း  ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ အစာအိမ်နာခြင်း တို့ဖြစ်စေနိုင်ပါတယ်။

သတိပြုစရာများ

  • ဂျင်ဆင်းကို ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင် နှင့် နို့တိုက်မိခင်များ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သုံးသင့်ပါတယ်။ 
  • သဘာဝဆေးအပင်များသည် တချို့သော အင်္ဂလိပ်ဆေးများနှင့် အတူသောက်သုံးသောအခါ ဆေးများ၏ အာနိသင်ကို နှောင့်ယှက်တတ်သောကြောင့် ဆေးမသောက်မှီ ဆေးအညွှန်းကို သေချာစွာ ဖတ်ရန် လိုအပ်ပါတယ်။
  • ဂျင်ဆင်းတွင် သွေးကျဲစေသော အာနိသင်ရှိသောကြောင့် သွေးကျဲဆေးသောက်နေသူများ (ဥပမာ- aspirin, warfarin) နှင့် စိတ်ကျဆေးသောက်နေသူများ ဂျင်ဆင်းကို သတိထားပြီး သုံးစွဲသင့်ပါတယ်။ သို့မဟုတ် ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးပါ။
  • ဂျင်ဆင်းသည် သွေးထဲမှ သကြားဓာတ်ကို လျော့ချပေးသောကြောင့် ဆီးချိုရောဂါ ရှိသူများ သတိထားပြီး သုံးစွဲသင့်ပါတယ်။ 

Related Blogs

Copper

Magnesium

American Ginseng

Zinc

Calcium

Vitamin C

Vitamin A

Astaxanthin

Vitamin K

Collagen

Glutathione

Vitamin E

Biotin

Selenium

Folic Acid

Iron

Vitamin B12

Vitamin D