Vitamin A

ဗီတာမင် အေ နှင့် ကျန်းမာရေး

ဗီတာမင် အေ သည် လူ့ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရဓာတ်တစ်ခုဖြစ်ပါတယ် ဆီမှာ ပျော်ဝင်တဲ့ ဗီတာမင် (Fat soluble vitamin) အမျိုးအစားဖြစ်ပြီး နေ့စဥ်လိုအပ်ချက်ထက် ပိုလျှံသော ဗီတာမင်အေ များကို ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားပါတယ်။

ဗီတာမင် အေ ကြွယ်ဝသော အစားအသောက်များ-

  • ဗီတာမင်အေကို နေ့စဉ် အစားအသောက်တွေထဲမှာ ရနိုင်ပြီး ရယ်တီနော (Retinol) နဲ့ ဘီတာ ကယ်ရိုတင်း (Beta-carotene) ဆိုတဲ့ ပုံစံ ၂ မျိုးနဲ့ ရနိုင်ပါတယ်။
  • အသားငါးတွေကရတဲ့ ဗီတာမင်အေ ကို Retinol လို့ခေါ်ပါတယ်။ Retinol ကြွယ်ဝတဲ့ အစားအသောက်တွေကတော့ အသည်း၊ နို့ နှင့် နို့ထွက် ပစ္စည်းများ၊ ငါး တို့ ဖြစ်ကြပါတယ်။ Retinol ကို ခန္ဓာကိုယ်ထဲမှာ သိမ်းဆည်းထားပါတယ်။
  • အသီးအရွက်တွေက ရတဲ့ ဗီတာမင်အေ ကိုတော့ Beta-carotene လို့ခေါ်ပါတယ်။ Beta-carotene ကြွယ်ဝတဲ့ အစားသောက်တွေကတော့ မုန်လာဥနီ၊ ကန်စွန်းဥ၊ ပန်းငရုတ်ပွ၊ အစိမ်းရောင် ပန်းဂေါ်ဖီ စတဲ့ အနီရောင်၊ အဝါရောင် အစိမ်းရောင် ပါတဲ့ ဟင်းသီးဟင်းရွက်များ ဖြစ်ကြပါတယ်။ Beta-carotene ကို ခန္ဓာကိုယ်ထဲမှာ မသိမ်းဆည်းထားဘဲ ချက်ချင်းသုံးစွဲပြီး ပိုလျှံနေရင် စွန့်ပစ်ပါတယ်။ Beta-carotene က အလွန်အစွမ်းထက်တဲ့ ဓာတ်တိုးပစ္စည်းလည်းဖြစ်တာကြောင့် အခုနောက်ပိုင်းမှာ အားဆေးတွေမှာ ထည့်သွင်း သုံးစွဲလာကြပါတယ်။

ဗီတာမင် အေ ၏ အကျိုးကျေးဇူးများ-

  • အမြင်အာရုံကို အားကောင်းစေခြင်း
  • အရေပြားများ တင်းရင်း ကြံ့ခိုင်မှု ရှိစေခြင်း
  • ကိုယ်ခန္ဓာ နှင့် ဉာဏ်ရည်ဖွံ့ဖြိုးစေခြင်း
  • ရောဂါပိုးများ ဝင်ရောက်ခြင်းကို ကာကွယ်ပေးခြင်း
  • ဝက်ခြံများ မထွက်အောင် ကူညီပေးခြင်း
  • ကင်ဆာ ရောဂါများကို ကာကွယ်ပေးခြင်း
  • အရိုးကျန်းမာရေးကို ကောင်းစေခြင်း တို့ ဖြစ်ပါတယ်

နေ့စဉ် ဗီတာမင် အေ လိုအပ်ချက်များမှာ-

  • မွေးစမှ - ၆ လထိ = 400 mcg
  • အသက် ၆လ - ၁ နှစ် = 500 mcg
  • အသက် ၁ - ၃ နှစ် = 300 mcg
  • အသက် ၄ - ၈ နှစ် = 400 mcg
  • အသက် ၉ - ၁၃ နှစ် = 600 mcg
  • အသက် ၁၄ - ၁၈ နှစ် = 700-900 mcg
  • ၁၈ နှစ် အထက် = 700-900 mcg
  • ကိုယ်ဝန်ဆောင် မိခင် = 750 mcg
  • နို့တိုက် မိခင် = 1300 mcg တို့ လိုအပ်ပါတယ်

ဗီတာမင် အေ ချို့တဲ့ခြင်း၏ လက္ခဏာများ-

  • ဗီတာမင် အေ ဓာတ်ပါသော အစားအစာများ လုံလောက်စွာ မစားသုံးနိုင်ခြင်းနှင့် ခန္ဓာကိုယ်မှ လျင်မြန်စွာ သုံးစွဲခြင်းတို့ကြောင့် ဗီတာမင် အေ ဓာတ် ချို့တဲ့နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်များ၊ နို့တိုက် မိခင်များ နှင့် ကလေးများ အထူးသဖြင့် အသက် ၅ နှစ်အောက်တွင် ချို့တဲ့မှုပို၍ ဖြစ်ပွားတတ်ပါတယ်။
  • ဗီတာမင် အေ ချို့တဲ့ခြင်း၏ ဦးဆုံးလက္ခဏာ အနေဖြင့် ညအခါတွင် မမြင်ရခြင်းများ (Night blindness)၊ အသားအရေများ ခြောက်သွေ့ ကြမ်းတမ်းလာခြင်း၊ မျက်လုံးများ ခြောက်ခြင်း နှင့် ရောဂါပိုးများ ဝင်လွယ်ခြင်း တို့ ဖြစ်တတ်ပါတယ်။
  • မျက်ကြည်လွှာကဲ့သို့သော မျက်စိအင်္ဂါအစိတ်အပိုင်းများကို ထိခိုက်ပျက်စီးစေပြီး ပိုမိုဆိုးရွားလာပါက မျက်စိကွယ်သည်အထိ ဖြစ်ပေါ်လာနိုင်ပါတယ်။
  • အထူးသဖြင့် ကလေးများတွင် ဗီတာမင်အေ ချို့တဲ့ပါက အမြင်အာရုံချို့တဲ့ခြင်း၊ ဝက်သက်ရောဂါ၊ ဝမ်းပျက် ဝမ်းလျောရောဂါ နှင့် ကလေးငယ်များ၏ ပုံမှန် ကြီးထွားလာမှုကို နှောင့်နှေးစေခြင်းအပြင် ရောဂါပိုးများ အလွယ်တကူ ဝင်ရောက်လာနိုင်သောကြောင့် ဖျားနာခြင်းများကို ဖြစ်ပေါ်စေပါတယ်။

ဗီတာမင် အေ လွန်ကဲစွာ သောက်မိပါက-

သို့သော် ဗီတာမင်အေ သည် ဆီမှာ ပျော်ဝင်သော ဗီတာမင်ဖြစ်တာကြောင့် ကာလရှည်စွာ ပမာဏများစွာ သောက်သုံးမိပါက ဘေးထွက်ဆိုးကျိူးများကို ခံစားရနိုင်ပါတယ် ပျို့အန်ခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဗိုက်နာခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တန်ဆေး လွန်ဘေး ဆိုတဲ့စကားအတိုင်း ဗီတာမင်အေကို လိုအပ်သလောက်သာ သောက်ကြပါရန် အကြံပြုလိုက်ပါတယ်။

Related Blogs

Zinc

Ginseng

Collagen

Vitamin E

Magnesium

Vitamin C

American Ginseng

Copper

Biotin

Glutathione

Iron

Vitamin K

Astaxanthin

Calcium

Folic Acid

Vitamin D

Selenium

Vitamin B12