Iron

သံဓာတ် (Iron) က အရေးကြီးလား ??

သံဓာတ်ဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ် ဖြစ်ပါတယ်။ ဟီမိုဂလိုဘင် (haemoglobin) ကိုထုတ်လုပ်ဖို့ သံဓာတ်ကို အသုံးပြုရပါတယ်။ ဟီမိုဂလိုဘင်ဟာ သွေးနီဥဆဲလ်များရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အောက်ဆီဂျင်ကို အဆုတ်ကနေတဆင့် ခန္ဓာကိုယ်အနှံ့ကို သယ်ဆောင်ပေးပါတယ်။ ဒါမှသာ ခန္ဓာကိုယ်ထဲက ဆဲလ်လေးတွေက လိုအပ်တဲ့စွမ်းအင်ကို ထုတ်ပေးမှာဖြစ်ပါတယ်။ အကယ်၍ သွေးထဲမှာ ဟီမိုဂလိုဘင်ဓာတ် (haemoglobin) လျော့နည်းလာရင် သာမန်လှုပ်ရှားမှုလေးကတောင် ပင်ပန်းနွမ်းနယ်စေပါလိမ့်မယ်။ ဒါတင်မကသေး သံဓာတ်ဟာ ခန္ဓာကိုယ်မှာ ရှိတဲ့ ဆဲလ်လေးတွေ ကျန်းမာဖို့၊ ဆံပင်၊ အရေပြား နဲ့ လက်သည်းခြေသည်းတွေကို ကျန်းမာအောင် ပြုလုပ်ရာမှာ အရေးပါပါသေးတယ်။

ပုံမှန်အားဖြင့် ခန္ဓာကိုယ်မှာနေ့စဉ် သံဓာတ်အနည်းငယ် ဆုံးရှုံးပါတယ်။ ၎င်းကို  စားလိုက်တဲ့အစားအစာတွေမှတဆင့် ကိုယ်ခန္ဓာ ဟန်ချက်ညီစေဖို့ ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ အမျိုးသမီးတွေဟာ ဓမ္မတာလာစဉ်မှာ သံဓာတ်ဆုံးရှုံးမှု များတတ်ကြတာကြောင့် သံဓာတ်ကို အမျိုးသမီးများက အမျိုးသားများထက် ပိုပြီးလိုအပ်ပါတယ်။ သံဓာတ် ချို့တဲ့ခြင်းဟာ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ သံဓာတ်ချို့တဲ့ကြတဲ့ အမျိုးသမီးတွေမှာ သွေးနီဥလေးတွေ ကောင်းစွာမကြီးထွားနိုင်ဘဲ သွေးအားနည်းတတ်ပါတယ်။

WHO (ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း) ရဲ့ ထုတ်ပြန်ချက်အရ လူသန်းနှစ်ထောင်မှာ (ကမ္ဘာ့လူဦးရေ ရဲ့ ၃၀ %) ဟာ သွေးအားနည်းရောဂါရှိနေပြီး ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာတောင် ကိုယ်ဝန်ဆောင် ၅၀% နဲ့ ကျောင်းနေအရွယ် မရောက်သေးတဲ့ ကလေး ၄၀% ခန့်မှာ သွေးအားနည်းရောဂါ ရှိနေပါတယ်။

အသက်အရွယ်အလိုက်သံဓာတ် လိုအပ်ချက်များမှာ-

မွေးစမှ - ၆ လအထိ - 0.27 mg

၇ လ မှ ၁၂ လအထိ - 11 mg

၁ နှစ် မှ ၃ နှစ်အထိ - 7 mg

၄ နှစ် မှ ၈ နှစ်အထိ - 10 mg

၉ နှစ် မှ ၁၃ နှစ်အထိ - 8 mg

၁၄ နှစ် မှ ၁၈ နှစ်အထိ - 15 mg (အမျိုးသားများ - 11 mg)

၁၉ နှစ် မှ ၅၀ နှစ်အထိ - 18 mg (အမျိုးသားများ - 8 mg)

ကိုယ်ဝန်ဆောင်နေစဉ် - 27 mg

နို့တိုက်မိခင် - 10 mg

အသက် ၅၀ နှင့် အထက် - 8 mg တို့လိုအပ်ကြပါတယ်..

သံဓာတ် ချို့တဲ့နိုင်သော အကြောင်းအရင်းများ-
၁) သံဓာတ်ကြွယ်ဝသော အစားအစားများ လုံလောက်စွာမစားခြင်း။
၂) အူလမ်းကြောင်း ရောဂါ တစ်မျိုးမျိုးကြောင့် သံဓာတ် စုပ်ယူနိုင်မှု အားနည်းခြင်း ။
၃) အကြောင်းတစ်ခုခုကြောင့် ခန္ဓာကိုယ်မှ သွေးများ ဆုံးရှုံးခြင်း
၄) ကိုယ်ဝန်ဆောင်ခြင်း ။
၅) ကျောက်ကပ် မကောင်းခြင်း ။

သံဓာတ် အားနည်းလာမယ်ဆိုရင် ဘာတွေ ဖြစ်လာနိုင်မလဲ?
  • သံဓာတ် အားနည်းလာမယ်ဆိုရင်တော့ သွေးအားနည်း ရောဂါ လက္ခဏာများကို ခံစားရနိုင်ပါတယ်။ သွေးအားနည်းခြင်းကြောင့် မောပန်းခြင်း၊ ရင်တုန်ခြင်း၊ အားအင် ကုန်ခမ်းခြင်း၊ အသားအရေ ဖြူဖတ်ဖြူရော်ဖြစ်ခြင်း၊ အသက်ရှူမဝခြင်း၊ ခြေလက်အေးခြင်း၊ ခြေသည်းလက်သည်း ကြွတ်ဆတ်ခြင်း၊ ဆံပင်ကျွတ်ခြင်းများ ခံစားရနိုင်ပါတယ်။ သေချာစွာမကုသပါက ပိုမိုဆိုးရွားလာနိုင်ပြီး အသက်အန္တရာယ်ကိုပင် ထိခိုက်နိုင်ပါတယ်။
  • ကိုယ်ဝန်ဆောင် မိခင်တွေများမှာ သံဓာတ်ကို ပိုပြီး လိုအပ်ပါတယ်။ သံဓာတ်ချို့တဲ့ပါက ကျန်းမာရေးကိုထိခိုက်လာနိုင်သလို ပေါင်မပြည့်သော ကလေးကို မွေးတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ရှိနေစဉ်ကာလမှာ သွေးအားမနည်းစေဖို့ သံဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးရပါမယ်။
  • ကလေးများတွင်လဲ သံဓာတ်ချို့တဲ့ပါက သွေးအားနည်းလာပြီး မလန်းဆန်းခြင်း၊ မကြာခဏ ဖျားနာခြင်း၊ ဦးနှောက်နဲ့ ကိုယ်ခန္ဓာ ပုံမှန် မကြီးထွားနိုင်ခြင်းများ ဖြစ်ပေါ်တတ်ပါတယ်။

သံဓာတ် အားကောင်းအောင် ဘယ်လိုအစားအစာတွေကို စားကြမလဲ?

ပဲအမျိုးမျိုး၊ အစိမ်းရောင်အရွက်များ (ဟင်းနုနွယ်ရွက် ပန်းဂေါ်ဖီစိမ်း၊ မုန်ညှင်းရွက်၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်)၊ အာလူး၊ အသည်း နဲ့ သွေးခဲ၊ အမဲသား၊ ဆိတ်သား၊ ကြက်ဥ၊ ငါးတို့မှာ သံဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ ခန္ဓာကိုယ်မှ သံဓာတ် စုပ်ယူမှု အားကောင်းစေရန် သံဓာတ် ကြွယ်ဝသော အသီးအရွက်များကို အသား၊ ပင်လယ်စာ သို့မဟုတ် ဗီတာမင် စီ ပါတဲ့အသီးအနှံများနှင့် အတူ တွဲစားသင့်ပါတယ်။

အကယ်၍ သင်ဟာ အမျိုးသမီး တစ်ယောက် ၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီး (သို့မဟုတ်) ကလေးယူဖို့ စဉ်းစားနေတဲ့သူဆိုရင်တော့ သံဓာတ်ကို ပိုလို့ လိုအပ်ပါတယ်။ အစားအစာထဲမှ လိုအပ်တဲ့ သံဓာတ်ကို မရနိုင်ဘူးဆိုရင်တော့ ဖြည့်စွက်အနေဖြင့် အားဆေးများကို သောက်သုံးခြင်းဖြင့်လည်း ပြန်လည် ဖြည့်တင်းနိုင်ပါတယ်။

Related Blogs

Vitamin E

Astaxanthin

Glutathione

Copper

Vitamin A

Calcium

Biotin

American Ginseng

Vitamin D

Vitamin B12

Collagen

Magnesium

Ginseng

Folic Acid

Zinc

Selenium

Vitamin C

Vitamin K